Sunday, February 13, 2011

သောက၏နောက်ကွယ်


သောက၏နောက်ကွယ်

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေထိုင်စဉ် အခါက ဖြစ်သည်။ ဒကာတစ်ယောက်သည် မိမိ၏ အိမ်ထောင်ရေးကိစ္စ အဆင်မပြေသဖြင့် စိတ်ဆင်းရဲ ကာ ဇေတ၀န်ကျောင်းသို့ ရောက်သွားလေသည်။
ထိုဒကာ၏ ကယ်တင်လိုသော ဗုဒ္ဓက…..

“တဏှာယ ဇာယတေသောကော၊
တဏှာယ ဇာယတေ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကော ကုတောဘယံ။”

“ဒကာ၊ ချစ်ခင်စွဲလမ်းမှု တဏှာကြောင့်သာ စိုးရိမ်ပူဆွေးငိုကြွေးရတဲ့ သောကဆိုတာဖြစ်တာ၊ ဘေးဆိုတာဖြစ်တာ၊ စွဲလမ်းခြင်းတဏှာမှ ကင်းလွတ်သူအား သောကရော၊ ဘေးရော မရှိတော့” ဟု ဟောကြာလိုက်သည်။

ထိုဒကာကား ဘုရားရှေ့မှာမို့သာ အားနာ၍ နာလိုက် ရသည်။ ထိုတရားတော်ကိုကား လုံးလုံးစိတ်မကျလှ။ ထို့ကြောင့် တရားနာပြီး မြို့ထဲထွက်လာ သည်နှင့် ဗုဒ္ဓ၀ါဒကို ဝေဖန်ကာ သူ့ဝါဒကို တင်ပြလေသည်။ ချစ်ခင်စွဲလမ်းမှု့ရှိလျှင် သောကတို့၊ ဘေးတို့ဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားသည်မှာ မဖြစ်နိုင်။ လူ့ဘ၀သည် ချစ်ခင်စွဲ လမ်းမှု လောဘရှိမှသာလျှင် ပျော်မွေ့ဖွယ်ကောင်း၏။ နေချင်ဖွယ်ကောင်း၏။

ချစ်ခင်စွဲလမ်းမှုကြောင့် စိတ်ချမ်းသာစရာများသာရှိ၏ဟု ပြောကြားရာ တရားမရှိသူများကား ထိုသူ၏၀ါဒကို သဘောကျနှစ်သက်လေသည်။ တရားရှိသူ အတွေးအခေါ်ရှိသူများကား ဗုဒ္ဓ၀ါဒကို သဘောကျ၏။ ထိုဝါဒနှစ်ခုသည် သာဝတ္ထိမြို့ထဲတွင် အတော်ပျံ့နှံ့သွားရာ နောက်ဆုံး သာဝတ္ထိမြို့ရှိ နန်းတော်ထဲထိ ရောက်သွားကာ။ ဘုရင်ကောသလမင်းကပါ ထိုသူ၏၀ါဒ အယူအဆကို ကြိုက်နှစ်သက်သွားလေသည်။

ကောသလမင်းလည်း သူကြိုက်သလို အတွေးအခေါ်ရှိသော မိဖုရားမလ္လိကာလဲ လိုက်ကြိုက် လိမ့်မည် ဟူသော အထင်ဖြင့် သူ့ဘက်က ရှိ, မရှိမေးကြည့်လေသည်။ မလ္လိကာ မြို့ထဲမှာ ချစ်ခင်စွဲလမ်းမှုရှိရင် သောကတို့ဘေးတို့ ဖြစ်တယ်ဆိုတဲ့ ဗုဒ္ဓ၀ါဒနဲ့၊ ချစ်ခင်စွဲလမ်းမှုရှိမှ စိတ်ချမ်းသာတယ်၊ ဘ၀ဟာနေပျော်စရာကောင်းတယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ ၀ါဒနှစ်ခုပေါ်နေတယ်။ ငါကိုယ်တော်မြတ်ကတော့ ချစ်ခင်စွဲလမ်းမှုလေးရှိမှ လောကဟာ နေပျော်တယ်။ စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတဲ့ ၀ါဒကိုပဲကြိုက်တယ်။ သင်မိဖုရားကရော ဘယ်ဝါဒကို ကြိုက်နှစ်သက်ပါသလဲ? ထိုအခါ အတွေးခေါ်ရှိသော မလ္လိကာက

မင်းကြီး…..လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ သိမြင်လာတဲ့ သဗ္ဗညုတ ဉာဏ်တော်နဲ့ ဟောထားတဲ့ တရားဆိုတာ ဘယ်တော့မှ မှားယွင်းသွားတယ်ဆိုတာ မရှိပါဘူး။ ဘုရားကျွန်တော်မျိုးမကတော့ ဗုဒ္ဓ၀ါဒကိုပဲ နှစ်သက်ပါတယ်ဟု လျှောက်လေ၏။ မယားက သူ့ဘက်မပါသောအခါ ကောသလမင်းကြီးသည် မျက်နှာညိုကာ စက်ခန်းဆောင်ထဲ ၀င်သွားလေတော့သည်။ ဘုရင်အလိုမကျသည်ကို သိသောမလ္လိကာက မင်းချင်းယောက်ျား ကိုခေါ်ကာ “တဏှာယဇာယတေသောကော” စသော ဒေသနာ၏အကျယ်ကို လျှောက်ထား မေးမြန်းနာယူရန် လွှတ်လိုက်၏။ မလ္လိကာသည် ဒေသနာကို အကျယ်ပြန့်နာပြီးသောအခါကျမှ တစ်ညမင်းကြီးစိတ်ကြည်သာနေသောအချိန်တွင်…..

“မင်းကြီး ချစ်ခင်စွဲလမ်းမှုကြောင့် စိတ်ဆင်းရဲမှုဖြစ်သလား၊ စိတ်ချမ်းသာမှုဖြစ်သလားဆိုတာ သိရအောင် သင်မင်းကြီးကို မေးကြည့်ချင်ပါတယ်။ သင်မင်းကြီးစိတ်ထဲရှိတဲ့အတိုင်း ဖြေပါ။ သင်မင်ကြီးဟာ ကျွန်တော်မျိုးမကို ချစ်ခင်ပါသလား”
“ ချစ်ခင်လွန်းလို့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထားတာပေါ့”
အကယ်၍ အသင်မင်းကြီးချစ်ခင်တဲ့ ကျွန်တော်မျိုးမဟာ ရုတ်တရက် သေသွားမယ်ဆိုရင် မင်းကြီး စိတ်ချမ်းသာမလား စိတ်ဆင်းရဲမလား။

အို…… ဘယ်မှာလာပြီး စိတ်ချမ်းသာပါ့မလဲ၊ မအိပ်နိုင် မစားနိုင်လောက်အောင် စိတ်ဆင်းရဲ ရမှာ အမှန်ပါ။ အို…………မင်းကြီး စဉ်းစား၍ဖြေပါလော့၊ အရင်မင်းကြီးယူထားသည်က ချစ်ခင် စွဲလမ်းမှုကြောင့် စိတ်ချမ်းသာသည်၊ နေပျော်သည်ဟု ထင်သည်မဟုတ်ပါလား၊ ယခု သင်မင်းကြီးထင်သလို မဟုတ်တော့ပဲ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုကိုသာ တွေ့ရသည် မဟုတ်ပါလော။

ကောသလမင်းကြီးသည် ချစ်ခင်စွဲလမ်းသော သားများ၊ သမီးများ၊ နန်းတော်ကြီးများကို ရှေးနည်းအတိုင်းပင် မေးရာ မင်းကြီးသည် နောက်ဆုံးတွင် နားလည်သဘောပေါက် လက်ခံ သွားလေသည်။ စဉ်းစားကြည့်ပါ… အကယ်၍ မိမိအိမ်ရှေ့မှ အသုဘတစ်ခု ဖြစ်ချသွားမည်။ သေသူသည် မိမိနှင့်မသိသူဆိုလျှင် စိတ်ထဲတွင် ဘာသောကမှမဖြစ်။ အဘယ့်ကြောင့် သောကမဖြစ်သနည်း။ သေသူအပေါ်တွင် ချစ်ခင်စွဲလမ်းမှုမရှိ သောကြောင့်ပါတည်း။

တစ်ဖန်သေသူသည် မိမိဆွေမျိုးသားချင်း မိတ်ဆွေတစ်ယောက်ယောက် ဖြစ်မည်ဆိုလျှင် သောကပရိဒေ၀ဖြစ်ရပြီ။ အဘယ့်ကြောင့်ဖြစ်ရသနည်း၊ သေသူအပေါ် ချစ်ခင်စွဲလမ်းမှု့ ရှိနေသောကြောင့်ပါတည်း။ ထို့ကြောင့် ချစ်ခင်စွဲလမ်းမှုရှိသူအား စိတ်ဆင်းရဲမှုသာ ဖြစ်ရသည်။ စိတ်ချမ်းသာမှုကား မဖြစ်နိုင်ပေ။….


သောကမှကင်းဝေးနိုင်ကြပါစေ…….

မြန်မာတို့၏ အသက်-မေတ္တာရှင် စာအုပ်မှ ထုက်နုတ်ဖော်ပြသည်။
--
အရည်အသွေး .......မပြည့်သေးခင်
ကလေးကလှောင် ...ခွေးကဟောင်မည်
အမောင်ဒီအတွက် ...စိတ်မပျက်နဲ့
ရှေ့ဆက်ကြိုးကုတ် ...အလုပ်လုပ်ပါ...။ ။
Thanks to Barnay barnay.87@googlemail.com for sharing this email...

0 comments: